အသက်ကြီးတဲ့သူတွေက ဘာလို့ ဝမ်းပိုချုပ်တတ်တာလဲ
ဝမ်းချုပ်တယ်ဆိုတာ အူလှုပ်ရှားမှုနည်းတာ၊ အူလှုပ်ရှားမှု ပုံမမှန်တာကြောင့် ဖြစ်တာပါ။ ဝမ်းချုပ်နေတဲ့အခါ ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ လေပွနေတာ၊ လေထိုးလေအောင့်ဖြစ်တာ၊ အစာစားချင်စိတ်မရှိတာ စတဲ့လက္ခဏာတွေပါ ခံစားရလေ့ရှိပါတယ်။
ဝမ်းချုပ်တာဟာ အသက်အရွယ်မရွေး ဖြစ်တတ်တဲ့ ပြဿနာတစ်ခုဆိုပေမယ့် အသက်အရွယ်ကြီးတဲ့သူတွေမှာ ပိုပြီး အဖြစ်များပါတယ်။ အထူးသဖြင့် အသက် ၆၅ နှစ်အထက် လူကြီးတွေမှာ ဝမ်းချုပ်တာဟာ ပုံမှန်လို ဖြစ်နေတတ်ပါတယ်။
အသက်ကြီးတဲ့သူတွေက ဘာကြောင့် ဝမ်းပိုချုပ်တာလဲ?
အူလှုပ်ရှားမှု ကောင်းဖို့အတွက် အရေးအကြီးဆုံး အစားအစာက အမျှင်ဓာတ်ပါ။ အမျှင်ဓာတ်များတဲ့ အစားအစာတွေ များများစားပါမှ ဝမ်းကောင်းကောင်းသွားနိုင်မှာပါ။ အသက်ကြီးတဲ့သူတွေဟာ သွားတွေမကောင်းတော့လို့၊ သေချာမဝါးနိုင်လို့ အစားရှောင်တာနဲ့ အများကြီး မစားနိုင်တော့တာကြောင့် အမျှင်ဓာတ် လုံလောက်စွာ မရကြတာ များပါတယ်။
အသက်ကြီးတဲ့သူတွေဟာ ဆီးအိမ်နဲ့ ဆီးလမ်းကြောင်းက ကြွက်သားတွေ ညှစ်အားမကောင်းတော့တာကြောင့် မကြာခဏ ဆီးသွားတဲ့ ပြဿနာ ရှိတတ်ပါတယ်။ ရေများများသောက်တဲ့အခါ မကြာခဏ ဆီးသွားရတဲ့ ဒုက္ခပိုဆိုးမှာကြောင့် အသက်ကြီးတဲ့သူတွေဟာ ရေသောက်နည်းတတ်ကြပါတယ်။ ဒါဟာလည်း ဝမ်းချုပ်စေတဲ့ အကြောင်းရင်းတစ်ခုပါပဲ။
အသက်ကြီးလာတဲ့အခါ ဒူးနာခါးနာ ကျန်းမာရေးမကောင်းလို့ လှုပ်ရှားမှု လျော့နည်းလာတာဟာလည်း ဝမ်းချုပ်စေပါတယ်။ အထီးကျန်ဆန်ခြင်း၊ လက်တွဲဖော်မိသားစုဝင်တွေ ဆုံးရှုံးရခြင်း၊ ပင်စင်ယူပြီး ဝင်ငွေအတွက်၊ နေထိုင်မှုအတွက် တစ်ပါးသူအပေါ် မှီခိုရခြင်း စတဲ့အကြောင်းအရာတွေကြောင့် စိတ်ဓာတ်ကျ၊ စိတ်ဖိစီးမှု ဖြစ်ရတာကလည်း အသက်ကြီးသူတွေမှာ ဝမ်းပိုချုပ်စေတဲ့ အကြောင်းတွေပါ။
ဝမ်းချုပ်ပါများလာတဲ့အခါ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ များတာမို့ ဝမ်းမချုပ်ရအောင် မိမိကိုယ်တိုင်ရော မိသားစုဝင်တွေကပါ ဂရုစိုက်သင့်ပါတယ်။
ဝမ်းမချုပ်ဖို့အတွက် ဆိုရင်…
- အမျှင်ဓာတ်များတဲ့ အစားအစာတွေဖြစ်တဲ့ အုတ်ဂျုံ၊ မုယောစပါး၊ ဘယ်ရီသီး၊ လိမ္မော်၊ သံပုရာလိုချဥ်တဲ့ အသီးတွေ၊ ဘယ်ရီသီး၊ ပန်းသ်ီး၊ မုန်လာဥနီ၊ ပဲအမျိုးမျိုး စတာတွေကို များများစားပါ။ တစ်ကြိမ်တည်းနဲ့ အများကြီး မစားဘဲ နည်းနည်းနဲ့ မကြာခဏစားတဲ့ အကျင့်လုပ်ပါ။
- ရေများများသောက်ပါ။
- တတ်နိုင်သမျှ ကိုယ်လက်လှုပ်ရှားပါ။
- အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ Probiotics တွေ မှီဝဲပါ။ ဖြည့်စွက်စာအနေနဲ့ စားသုံးလို့ရသလို ပဲတီချဥ်၊ မုန်လာချဥ်၊ မုန်ညှင်းချဥ် စတဲ့ အချဥ်ဖောက်ထားတဲ့ အစားအစာတွေမှာလည်း Probiotics ကြွယ်ဝပါတယ်။
- အတူနေ မိသားစုဝင်တွေက ဂရုစိုက်ဖေးမပေးခြင်းဖြင့် စိတ်ဖိစီးမှု လျော့ကျအောင် ပြုလုပ်ပေးဖို့ လိုအပ်သလို ကိုယ်တိုင်ကလည်း Mindfulness လို့ခေါ်တဲ့ သတိဖြင့်နေထိုင်ခြင်း၊ တရားထိုင်ခြင်းတို့ဖြင့် စိတ်ဖိစီးမှုကို လျှော့ချလို့ ရပါတယ်။
"ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူး" လို့ အဆိုရှိပါတယ်။ ဝမ်းပုံမှန်သွားပါက ခေါင်းမခဲတဲ့အပြင် စိတ်ကြည်လင် ပေါ့ပါးလန်းဆန်းပြီး အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးတာမို့ ဝမ်းချုပ်လွယ်တဲ့ သက်ကြီးရွယ်အိုတွေက ဝမ်းမချုပ်အောင် ပိုပြီး သတိထားသင့်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်